ချစ်သူစုံတွဲအများစုဟာ လက်တွဲလာတဲ့ relationship သက်တမ်းကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် ပုံပန်းသဏ္ဌာန်တူညီလာတာမျိုးတွေကို သတိထားမိတတ်ကြမှာပါ။ စုံတွဲတွေမှာ တူညီတဲ့အရာတွေအများကြီးရှိကြပြီး တချို့မှာတော့ တူညီတဲ့မျက်နှာသွင်ပြင်တွေ ရှိတတ်ကြပါတယ်။ ဒါ့အပြင် မောင်နှမတွေလို့ထင်ရလောက်တဲ့အထိ ဆင်တူတဲ့စုံတွဲတွေလည်း ရှိကြတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်တွေက ဘယ်လိုရှိမလဲဆိုတာကို တစ်ချက်လောက်ကြည့်လိုက်ရအောင်ပါ။

– မိဘတွေနဲ့ ဆင်တူလို့
အမျိုးသားတွေဟာ သူတို့ရဲ့အမေနဲ့ဆင်တူတဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ကြပြီး သူရွေးချယ်မဲ့မိန်းကလေးဟာ သူ့ရဲ့အမေနဲ့ အပြုအမူ၊ ပုံပန်းသဏ္ဌာန်တွေ ဆင်တူတဲ့သူမျိုး ဖြစ်တတ်ကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ လူတွေဟာ သူတို့နဲ့ဆင်တူရုံသာမက သူတို့မိဘတွေနဲ့ဆင်တူတဲ့ လက်တွဲဖော်ကို ရွေးချယ်တတ်ကြတယ်လို့ ဆိုထားပါတယ်။ ထင်ရှားတဲ့အချက်တွေကတော့ ဆံပင်၊ မျက်လုံးကာလာနဲ့ မိဘတွေရဲ့အသက်အရွယ်တုန်းကလိုမျိုးနဲ့ ဆင်တူနေတာပါ။
– အတူနေလာတဲ့ အချိန်တွေကြာလာခဲ့လို့
လူမှုစိတ်ပညာရှင် Robert Zajonc က စုံတွဲတွေရဲ့ လက်မထပ်ခင်နဲ့ လက်ထပ်ပြီး 25 နှစ်အကြာဓာတ်ပုံတွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ အစပိုင်းတွင် ခင်ပွန်းနဲ့ဇနီးရဲ့ မျက်နှာပုံစံဟာ မတူညီကြပေမဲ့ 25 နှစ်အကြာမှာတော့ သူတို့ဟာ အံ့အားသင့်ဖွယ် တူညီလာကြောင်းကို လေ့လာတွေ့ရှိခဲ့ရတာပါ။

– အတွေ့အကြုံတွေကို အတူတူမျှဝေကြလို့
တစ်ယောက်နဲ့တစ်ယောက် ပုံသဏ္ဌာန်တူလာရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ သင့်လက်တွဲဖော်နဲ့ အတွေ့အကြုံတွေ အပြန်အလှန်မျှဝေခြင်းကြောင့်လို့ ဆိုပါတယ်။ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ပျော်စရာနဲ့ ဝမ်းနည်းစရာအခိုက်အတန့်များစွာကို ခံစားခဲ့ရပြီး သူတို့လက်တွဲနေတဲ့ အချိန်တစ်လျှောက်လုံးမှာ သူတို့တွေ့ကြုံဖြတ်သန်းရတဲ့ အရာအားလုံးဟာ သူတို့ရဲ့ body language နဲ့ စိတ်အခြေအနေပေါ်တွင် သက်ရောက်မှုရှိတာဖြစ်ပါတယ်။ သူတို့ရဲ့သမိုင်းကို သူတို့မျက်နှာပေါ်တွင် ရေးထိုးထားကြတဲ့အတွက် စုံတွဲတစ်တွဲရဲ့ အရေးအကြောင်းတွေတောင် တူညီတဲ့နေရာတွေမှာ ပေါ်လာတတ်ကြပါတယ်။

– ကိုယ်နဲ့တူတဲ့လူတွေကို သဘောကျတတ်ကြလို့
လေ့လာမှုတွေအရ လူတွေဟာ သူတို့နဲ့ပုံပန်းသဏ္ဌာန်တူတဲ့သူတွေကို သဘောကျမိတတ်ကြတာ ဖြစ်ပါတယ်။ ဒါကို assortative mating လို့ခေါ်ပြီး ကိုယ်နဲ့ဆင်တူတဲ့လက္ခဏာရပ်တွေရှိတဲ့ လူတစ်ယောက်နဲ့တစ်ယောက်ဟာ မကြာခဏ ပေါင်းဖက်လေ့ရှိကြတယ်ဟု သီအိုရီတွေအရ တွေ့ရပါတယ်။ သင်နဲ့သင့်လက်တွဲဖော်ဟာ ပုံပန်းသဏ္ဌာန်တူတဲ့သူဖြစ်ခဲ့ရင် သင်တို့ရဲ့ကလေးလေးဟာလည်း မိဘနှစ်ယောက်လုံးနဲ့ တော်တော်ကိုတူမှာဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီက သူတို့ရဲ့မျိုးရိုးဗီဇတွေကို နောင်လာနောက်သားတွေဆီသို့ အမြင့်ဆုံးပေးပို့ရန်ကြိုးစားပုံဖြစ်တယ်ဟု သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။