တစ်ချို့လူတွေက အချစ်ဆိုတာကို ချိုမြိန်တယ်လို့ပဲ ထင်ထားတတ်ကြပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ ချိုမြိန်ခြင်းတစ်ခုတည်း သက်သက်မဟုတ်ပဲ ခါးသက်ခြင်းကလည်း အချိုးကျပါဝင်နေတယ်ဆိုတာကိုတော့ သိထားဖို့ လိုအပ်ပါတယ်နော်။ တစ်ချို့လူတွေအတွက်တော့ အချစ်က နာကျင်ခါးသက်စရာတွေနဲ့ပဲ ပြည့်နှက်နေပြီး သေလောက်အောင် လွမ်းနေရင်တောင် ပြန်မဆက်ချင်တော့တဲ့ ခံစားချက်တွေက ဒီအချက်တွေကြောင့် ဖြစ်လာရတာပါ။
ဥပေက္ခာပြုခံရဖန် များလို့

လူနှစ်ယောက် ချစ်မိကြတဲ့အခါ နားလည်မှုတွေ၊ ကိုယ်ချင်းစာမှုတွေ၊ အချစ်တွေကို တစ်ယောက်နဲ့တစ်ယောက် အချိုးကျပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်တစ်ဖက်တည်းကပဲ အချစ်တွေ၊ ဂရုစိုက်မှုတွေ ပေးနေတာတောင် သူ့ဘက်က အလေးထားရမှန်းမသိပဲ ဥပေက္ခာပြုခံရဖန်များခဲ့ရတာတွေက အရမ်းလွမ်းမိရင်တောင် ဒီဆက်ဆံရေးကို ပြန်မဆက်ချင်တော့တာ ဖြစ်ပါတယ်။
မာနတွေ ထိခိုက်လွန်းအားကြီးလို့

လူတစ်ယောက်ဟာ သည်းခံနိုင်စွမ်းတွေကုန်တဲ့အထိ သူ့ရဲ့မာနတွေထိခိုက်လွန်းအားကြီးတဲ့အခါ ဘယ်အရာမျိုးကိုမဆို ပြောင်းလဲဖို့ ကြိုးစားလိုက်တတ်ကြပါတယ်။ ဒီလိုပဲ ကိုယ်ချစ်ရတဲ့သူဆီက မာနထိခိုက်စေတဲ့ စကားတွေ၊ အပြုအမူတွေ ကြုံရလွန်းတဲ့အတွက် ခံစားချက်တွေကျန်နေသေးရင်တောင် ဒီဆက်ဆံရေးမျိုးကို နောက်တစ်ခါ ပြန်လှည့်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ယုံကြည်မှုတွေ အကြိမ်ကြိမ်ရိုက်ချိုးခံရလို့

ကောင်းမွန်တဲ့ အချစ်တစ်ခုဖြစ်လာဖို့ ယုံကြည်မှုဆိုတဲ့အရာက လိုကိုလိုအပ်ပါတယ်။ ကိုယ့်ချစ်သူဆီက ယုံကြည်မှုတွေ အကြိမ်ကြိမ် ရိုက်ချိုးခံရတာမျိုး၊ ယုံကြည်မှုအလွဲသုံးစားလုပ်တာမျိုးတွေ အကြိမ်ကြိမ်ကြုံခဲ့ရတာမျိုးက သေလောက်အောင်လွမ်းနေရင်တောင် အဲဒီ့လူဆီ ပြန်မသွားချင်ရတဲ့ အကြောင်းပြချက်တွေ ဖြစ်နေတတ်ပါတယ်။
ကိုယ့်ရဲ့တန်ဖိုးကို နားမလည်လို့

လူတိုင်းလူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတတ်ကြပါတယ်။ လူတွေဟာ အထူးသဖြင့် သူတို့ချစ်တဲ့သူက သူတို့ရဲ့တန်ဖိုးကို နားလည်တာမျိုးကို အလိုချင်ကြဆုံးပါနော်။ ဒါပေမယ့် ချစ်သူဆီက တန်ဖိုးထားခြင်းမခံရသလို၊ ကိုယ့်ရဲ့တန်ဖိုးကို တစ်စက်လေးမှ နားမလည်မှုတွေ အချိန်တိုင်း ကြုံတွေ့ခဲ့ရတဲ့အခါ ဘယ်လောက်လွမ်းလွမ်း ဒီလူကို ပြန်လက်မတွဲတော့ဖို့ ဆုံးဖြတ်လိုက်တတ်ပါတယ်။
Khin