Wednesday, April 24, 2024
HomeWOMENအမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် ဝလာရတဲ့အကြောင်းရင်း

အမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် ဝလာရတဲ့အကြောင်းရင်း

ဘဝရဲ့ စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်ဆိုတဲ့ မင်္ဂလာပွဲကြီး ပြီးသွားကတည်းက နေရာအသစ်၊ အိမ်အသစ်မှာ ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ အသားကျအောင် မိမိကိုယ်ပိုင် အိမ်ရာထူထောင်ကြရတဲ့ အမျိုးသမီးတွေဟာ ယခင် အပျိုဘဝကထက် ပိုဝလာတတ်ကြတာဟာ ဓမ္မတာလိုတောင် ဖြစ်နေပါတယ်။ အပျိုဘဝက သွယ်လျခဲ့တဲ့ ခါးကျဉ်ကျဉ် ကလေးဟာ ယခုတော့ တုတ်ခိုင်လို့နေလေပြီဆိုတဲ့ အမျိုးသမီးအများစုအတွက် ယင်းကဲ့သို့ ဝလာရတဲ့ အကြောင်းရင်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက်ပေါ် အာရုံမထားမိခြင်း။

မင်္ဂလာပွဲနေ့ပြီး ဟန်းနီးမွန်းကတည်းက ပျော်ပျော်နဲ့ စိတ်လွတ်လက်လွတ် စားချင်တိုင်း စားခဲ့တဲ့အကျင့်ကစပြီး သင့်ရဲ့ နဂိုပုံမှန် စားသောက်မှုပုံစံကို ပျက်စီးပြောင်းလဲသွားစေနိုင်ပါတယ်။ အိမ်ထောင်ကျခါစကာလ မိမိအိမ်ရာကို စိတ်ထဲ ကျေနပ်တဲ့အတိုင်း ပြင်ဆင်နေရတာနဲ့တင် စိတ်ဖိစီးမှုက ရှိနေပြီး ကသိုင်းကရိုင်းဆန်လှတဲ့ အစပိုင်းနေ့ရက်များမှာ အိမ်ထောင်သည်ဘဝနဲ့ အသားမကျသေးတဲ့ အပိုင်းတွေလည်း ရှိနေသေးတာကြောင့် အစားအသောက်ဘက်ကို သိပ်ပြီး အာရုံမထားမိတော့ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ရမယ်ဆိုတဲ့ အသိလည်း ခေတ္တကွယ်ပျောက်နေနိုင်တဲ့အတွက် စိတ်ဖိစီးမှုနဲ့ တွေ့တဲ့အလွယ်စာ၊ အပြင်စာတွေ လျှောက်စားမိခြင်းက ဝိတ်တက်ရခြင်းရဲ့ အဓိကတရားခံတွေ ထဲမှာ ပါဝင်ပါတယ်။ ထိုသို့ စားသောက်လိုက်မိတဲ့ အစားအစာတွေဟာလည်း အာဟာရ ပြည့်ဝမှုဘက်မှာ လျော့နည်းနေပြီး ကယ်လိုရီတွေသာ တစ်ပုံတစ်ခေါင်း တက်လာစေနိုင်တာကြောင့် ဗီတာမင်ဘီ၊ ကယ်လ်စီယမ် အစရှိတဲ့ အာဟာရ ဓာတ်တွေ ချို့တဲ့ဆုံးရှုံးပြီး အားအင်မရှိသလို ပင်ပန်းနုံးချိ ခံစားရကာ ကိုယ်အလေးချိန်က တရိပ်ရိပ်နဲ့ တက်လာပါတော့ တယ်။

စားသောက်ပုံအလေ့အထ ပြောင်းလဲသွားခြင်း။

ပူပူနွေးနွေး လက်ထပ်ထားတဲ့ အမျိုးသမီးအများစု သေချာပေါက်နီးပါး ပြုလုပ်ကြတာကတော့ ချစ်သောခင်ပွန်းအတွက် ချက်ပြုတ်ကျွေးမွေးကြခြင်းပါပဲ။ ဒီနေရာမှာ အခက်ကြုံကြရတာက အမျိုးသမီးတိုင်းမှာ ကွဲပြားတဲ့ ကိုယ်ပိုင်နှစ်သက်တဲ့ အရသာ၊ အကြိုက်၊ ချက်ပြုတ်မှုပုံစံတွေ ရှိကြခြင်းနဲ့ အိမ်ထောင်ကျပြီးတဲ့အခါ အိမ်ထောင်ဖက်ရဲ့ အကြိုက်လိုက်ချက် ရတာကြောင့် မိမိရဲ့ နဂိုနှစ်သက်တဲ့ စားသောက်မှုပုံစံ ပြောင်းလဲသွားခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယခင်က အပူအစပ်ဟင်းတွေ စားရတာ ကြိုက်နှစ်သက်တဲ့ အမျိုးသမီးဟာ အိမ်ထောင်ကျပြီးနောက်မှာ အချိုအငန်စားတဲ့ အမျိုးသားရဲ့ အကြိုက်ကို လိုက်ချက်ပေးရခြင်းမျိုး ဖြစ်ပါတယ်။ ဒီအခါမှာ စားနေကျမဟုတ်တဲ့ အစားအစာပုံစံမျိုးကို အစာအိမ်က လက်ခံရတဲ့အတွက် ကိုယ်တွင်းတုံ့ပြန်မှုအနေနဲ့ အစာချက်တဲ့ပုံစံလည်း ပြောင်းလဲသွားပါတယ်။ အဆိုပါ ပြောင်းလဲမှုဟာလည်း အမျိုးသမီးများ အိမ်ထောင်ကျပြီးနောက် ဝလာရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။

woman in the kitchen cooking
Photo by Joe L on Pexels.com

မကြာခဏ အပြင်ထွက်စားဖြစ်ခြင်း။

ကြင်စဦးဇနီးမောင်နှံဆိုသည်မှာ လက်ကလေး တတွဲတွဲနဲ့ ဆိုင်တကာ လိုက်စားတဲ့ အမူအကျင့်လေးလည်း ပါဝင်ပါတယ်။ ရုံးပိတ်ရက်တွေ၊ သို့တည်းမဟုတ် ကြားရက်တွေမှာပါ တားမယ့်ဆီးမယ့်သူမရှိ၊ လွတ်လွတ်လပ်လပ် သွားလာစားသောက်ရတဲ့ အရသာကလေးကို အကြိုက်တွေ့နေတဲ့ အချိန်လေးလည်း ဖြစ်ပါတယ်။ ဒါတင်မက နဂိုထက် ကျယ်ပြန့်များပြားလာတဲ့ သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေသူငယ်ချင်းများနဲ့ မိတ်ဆက်တဲ့အနေနဲ့ ပြုလုပ်ရတဲ့ စားပွဲတွေကလည်း ဆက်နေမှာဖြစ်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အနည်းဆုံး အပြင်စာတစ်နပ်ကတော့ ပါဝင်နေပါလိမ့်မယ်။ အပြင်စာဆိုတဲ့ ထုံးစံအတိုင်းပဲ အာဟာရတန်ဖိုး နည်းပြီး ကယ်လိုရီပမာဏ များတာကြောင့် ပိုဝလာမယ့် အခြေအနေကို အဆင်သင့် ဖန်တီးပြီးသား ဖြစ်စေပါတယ်။ ဝမှာစိုးတဲ့အတွက် အမျိုးအဆွေ၊ အသိုင်းအဝိုင်းတွေရဲ့ ပွဲတွေကို ငြင်းဆိုရမှာကလည်း မကောင်းလှတာကြောင့် နောက်ဆုံးမှာတော့ လက်ထပ်ပြီးစ အမျိုးသမီးလေးရဲ့ ခါးလေးဟာ ဆိုဒ်နံပါတ် ကြီးလာပါတော့တယ်။

ဦးစားပေးမှု ပြောင်းသွားခြင်း။

ဒါကတော့ အသိသာဆုံးအချက်တစ်ခု ဖြစ်ပါတယ်။ အပျိုဘဝမှာ ကိုယ်စားချင်တဲ့ပုံစံကို ကြိုက်သလို ဂရုစိုက်ပြီး စားနိုင်ပေမယ့် အိမ်ထောင်ကျသွားတဲ့အခါမှာတော့ ကိုယ့်ရွေးချယ်မှုတွေကို တစ်ခါတစ်ရံမှာ လက်လွှတ်လိုက်ကြရပါတယ်။ ကိုယ့်ရဲ့ ဦးစားပေးစာရင်းမှာ ကိုယ်တိုင်က နောက်ဆုံးမှာ ဖြစ်သွားတတ်ပါတယ်။ ခင်ပွန်းနှစ်သက်တဲ့ ဟင်းတွေကိုသာ ချက်ကျွေး တာမျိုး ဒါမှမဟုတ် မကုန်နိုင်တဲ့ဟင်းတွေကို လွှင့်ပစ်ရမှာ နှမြောလို့ ဒိုင်ခံစားလိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လုပ်ငန်းခွင်၊ ခင်ပွန်းနဲ့ ကလေးတွေရဲ့ ဝေယျာဝစ္စ၊ အိမ်မှုကိစ္စ အားလုံးကို တစ်ယောက်တည်း အဆင်ပြေအောင် ဖြေရှင်းရ တဲ့အခါ မိမိအတွက် စဉ်းစားဖို့လည်း မေ့သွားပြီး စိတ်ဖိစီးမှုတွေ တစ်ပုံတစ်ပင်နဲ့ တစ်နေ့တစ်နေ့ မောမော၊ဆာဆာနဲ့ စားလိုက်တဲ့ အစားအစာတွေဟာ ကိုယ်တိုင်အတွက် စိတ်ကျေနပ်မှု မရှိဘဲ ကိုယ်အလေးချိန်တွေ တိုးလာတာမျိုး ဖြစ်လာပါတော့တယ်။

မိမိကိုယ်ကို ဂရုစိုက်မှု နည်းပါးလာခြင်း။

there women in a yoga session
Photo by Andrea Piacquadio on Pexels.com

အမျိုးသမီးတွေဟာ အိမ်ထောင်မကျခင် အချိန်တုန်းမှာတော့ မိမိကိုယ်ကို ဆွဲဆောင်မှုရှိနေဖို့၊ ကြော့ရှင်းလှပနေဖို့သာ အာရုံစိုက် လုပ်ဆောင်ကြပါတယ်။ Gym မှာ အားကြိုးမာန်တက် လေ့ကျင့်ခန်း ပြုလုပ်တတ်ကြသလို အစားထိန်းစားခြင်း စတာတွေကို ပြုလုပ်တတ်ကြပါတယ်။ သို့ပေမယ့် အိမ်ထောင့်တာဝန်တွေ ထမ်းလိုက်ရတဲ့အခါ မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးကိုပါ မေ့လျော့သွားတတ်ကြပါတယ်။ အမျိုးသမီးအများစုဟာ မိမိရဲ့တစ်ကိုယ်ရည် ထိန်းသိမ်းပြုပြင်မှုတွေကို လက်လွှတ်လိုက်တတ်ကြပြီး ကြည့်ကောင်းနေဖို့ကိုလည်း သိပ်ထည့်မတွက်ကြတော့ပါဘူး။ Gym မှာ သွားဆော့မယ့် အချိန်တွေကို အိမ်မှာ ထမင်းတွေ၊ ဟင်းတွေ ချက်ရင်း ကုန်ဆုံးတတ်ကြပါတော့တယ်။ စားသောက်တဲ့ အစားအစာတွေကလည်း အထက်မှာ ဖော်ပြထားသလို စည်းစနစ်မရှိ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် ဝလာကြတာဟာ အဆန်းတကြယ် မဟုတ်ဘူးလို့ပဲ သတ်မှတ်ရမလို ဖြစ်သွားစေပါတယ်။

By အလင်းဦး

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading