လူတစ်ယောက်ရဲ့ ပါးစပ်ကထွက်လာတဲ့ စကားလုံးတွေဟာ အဲဒီလူရဲ့ အဆင့်အတန်းတွေပါနော်။ ဒီတော့ ကိုယ့်ကိုယ်ကို အဆင့်အတန်းရှိတဲ့သူ တစ်ယောက်ဖြစ်နေချင်ရင် ကိုယ်ပြောမယ့် စကားလုံးတွေကို သတိထားဖို့ လိုအပ်ပါတယ်။ ဒီတော့ စကားပြောဆိုတဲ့နေရာမှာ ဒီအချက်လေးတွေကို ဂရုစိုက်သိထားဖို့ လိုအပ်ပါတယ်။
မလိုအပ်ဘဲ ဒေါသမကြီးပါနဲ့

ဘာမဟုတ်တဲ့ စကားလေးနဲ့ ဒေါသထွက်လွယ်တာမျိုး၊ ကိုယ့်စကားကို နားမထောင်နေလို့ စိတ်တိုဒေါသထွက်တာမျိုး မဖြစ်ပါနဲ့။ သူက ကိုယ့်စကားကို အာရုံမရလိုက်ဘူးထင်ရင် “ခုနက ပြောတာမကြားလိုက်ဘူးထင်တယ်”ဆိုတဲ့ ယဉ်ကျေးတဲ့စကားမျိုးကိုသာ သုံးပါ။ ဒါက သင့်ကို အဆင့်အတန်းရှိတဲ့သူတစ်ယောက်ပုံပေါ်စေပါတယ်။
ချိုသာတဲ့ စကားလုံးတွေကို ရွေးချယ်ပါ

ကိုယ့်ထက် လက်အောက်ငယ်သားပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်း စသဖြင့် ဘယ်သူ့ကိုမဆို စကားကိုမာမာထန်ထန်နဲ့ အမိန့်ပေးသလို ပြောမယ့်အစား နားဝင်ချိုအောင် ပြောပါ။ ဥပမာ – “မင်းဒါကို ဒီနေ့ပြီးအောင် လုပ်ရမယ်” ဆိုတဲ့စကားအစား “ဒါကို ဒီနေ့ပြီးအောင် လုပ်ပေးနော်” ဆိုတဲ့စကားက ကြားရသူလည်း စိတ်ချမ်းသာစေပါတယ်နော်။
ဟာသလေးနှောပြီး ပြောပါ

တစ်ခါတလေမှာ ပြောရခက်တဲ့ စကားတွေကို ဒီအတိုင်းပြောလိုက်တာထက် တစ်ဖက်လူရော၊ ကိုယ်ပါမထိခိုက်အောင် ဟာသလေးနှောပြောတတ်တာက စကားပြောကျွမ်းကျင်တဲ့ သူတွေမှာ တွေ့ရတဲ့အချက် ဖြစ်ပါတယ်။ ဒီလို ပြောတတ်ခြင်းက ကိုယ်ပြောချင်တဲ့ စကားကို လွယ်လွယ်ကူကူ ပြောရအဆင်ပြေစေမှာ ဖြစ်ပါတယ်။
စကားလုံးတွေအစား အမူအရာကို သုံးပါ

တချို့စကားဝိုင်းတွေမှာ ကိုယ့်ဘက်ကနေ ဘာပြောရမှန်းမသိတဲ့ အခြေအနေမျိုးတွေ ဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမှာ စကားတွေအများကြီးပြောဖို့ စဉ်းစားနေတာထက် အမူအရာလေးတွေနဲ့ ဖော်ပြတာက ပိုကောင်းမွန်စေပါတယ်။ နောက်ပြီး သူများစကားပြောနေတဲ့အချိန်မှာ အာရုံစိုက်လို့နားထောင်ပေးတတ်တဲ့အကျင့်ကိုလည်း လုပ်ပါ။
By Khin