နောက်ထပ် ပတ်သက်ဖို့မကောင်းတဲ့ အရာတွေထဲမှာ ex လည်း ပါဝင်နေပါတယ်နော်။ ဒီတော့ လောလောလတ်လတ် အသည်းကွဲနေလို့ပဲ ဖြစ်ဖြစ်၊ ex ကို မမေ့နိုင်သေးတာပဲဖြစ်ဖြစ် ဖြစ်နေခဲ့ရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ ကိုယ့်ဘဝထဲကနေ ex ကို အပြီးအပိုင် မေ့ပစ်လိုက်လို့ရပါတယ်။
အတင်းမေ့ပစ်ဖို့ မကြိုးစားပါနဲ့

အသည်းကွဲတဲ့အခါ လူတိုင်းဟာ နာကျင်ခံစားကြရတာပါပဲ။ ဒါကိုမှ သူ့ကိုအခုချက်ချင်း မေ့ပစ်လိုက်မယ်၊ ခုချက်ချင်း မေ့ပစ်နိုင်ရမယ်လို့ ကိုယ့်ကိုယ်ကို အတင်းဖိအားပေးစရာ မလိုပါဘူး။ ဒဏ်ရာတစ်ခုအနာကျက်ဖို့ အချိန်ဆိုတာကတော့ လိုအပ်ပါတယ်။ ဒီတော့ သတိရတဲ့အချိန် လွမ်းပစ်လိုက်ပါ ဘယ်သူကမှ သင့်စိတ်ကို ပိတ်ပင်ထားလို့ မရပါဘူး။ ဒါပေမယ့် သတိရပြီး သူ့ကိုပြန်ဆက်သွယ်တာမျိုး၊ အချိန်ရှိတိုင်း ထိုင်လွမ်းနေတာမျိုးတော့ မလုပ်ပါနဲ့။
အလုပ်များအောင် နေပါ

လူတိုင်းမှာ ကိုယ့်အတွက်လုပ်စရာတွေမှ များလွန်းလို့ တစ်နေ့တစ်နေ့ အချိန်တွေဆိုတာ မလုံလောက်နိုင်ကြပါဘူး။ နောက်ပြီး အသည်းကွဲနေတဲ့အချိန်မှာ ဘာမှမလုပ်ဘဲထိုင်နေရင် အဲဒီစိတ်နဲ့ပဲ ကိုယ်ဟာဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ ပိုခံစားနေရတတ်ပါတယ်။ ဒါကြောင့်မို့ အသည်းကွဲရင် ကိုယ့်ကိုယ်ကို အလုပ်ရှုပ်အောင်နေပါ။ အလုပ်တွေလုပ်ပါ၊ အားလပ်ချိန်တွေမှာ ကိုယ့်ရှေ့ရေးအတွက် လေ့လာသင်ယူမှုတွေ ပြုလုပ်ပါ၊ ကိုယ် ဝါသနာပါရာလေးတွေ လုပ်ပါ။ ဒါက သင့် ex ကို သတိရဖို့ အချိန်မရှိဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်စေမှာ ဖြစ်ပါတယ်။
သူနဲ့ပတ်သက်သမျှ အားလုံးဖြတ်တောက်ပါ
Social media ပေါ်မှာတင်ထားတဲ့ သူနဲ့ဓာတ်ပုံတွေ၊ ကိုယ့်ဖုန်းထဲမှာရှိတဲ့ သူနဲ့ပတ်သက်တဲ့ အရာတွေ စသဖြင့် သူနဲ့ပတ်သက်တဲ့ဟာတွေကို ဖျက်ပစ်တာ၊ လွှင့်ပစ်တာမျိုး လုပ်ပစ်ပါ။ ဖြစ်နိုင်ရင် သူ့ရဲ့သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မလုပ်ပါနဲ့။ သူနဲ့ အွန်လိုင်းပေါ်မှာတောင် friend အဖြစ်ရှိမနေဘဲ သူ့အကောင့်ထဲဝင်ပြီး သူဘာတင်တယ်၊ ဘာလုပ်တယ်၊ ဘယ်သွားတယ်ဆိုတာမျိုးတွေကို လုံးဝလုံးဝ မလုပ်ပါနဲ့တော့။ ဒါက ex ကို သင့်ဘဝထဲက ထုတ်ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
သူ့အကြောင်းကို ထပ်မပြောပါနဲ့တော့

အဲဒီလူကို ကိုယ့်ဘဝထဲက အပြီးအပိုင်ထုတ်ပစ်ချင်ရင်တော့ အဲဒီလူနဲ့ပတ်သက်သမျှအားလုံးကို မေ့ပစ်ဖို့လိုအပ်ပါတယ်။ ဒီတော့ သူ့အကြောင်း သူငယ်ချင်းတွေဆီမှာ ပြောတာမျိုး၊ သူ့အကြောင်းကို စိတ်ဝင်တစားလိုက်နားထောင်တတ်တာမျိုးတွေ မလုပ်သင့်တော့ပါဘူး။ တစ်စုံတစ်ယောက်က သူ့အကြောင်းပြောလာရင်တောင် နားမထောင်ပါနဲ့။ ဒါက ဖြည်းဖြည်းချင်း မေ့ပစ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ

လူတစ်ယောက် ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ အရင်ကထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်မယ်၊ အရင်ကထက် ပိုလှအောင်နေမယ်၊ ကိုယ့်ရဲ့အနာဂတ်လှဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရှာဖွေမယ် ဒါတွေက ကိုယ့်ကိုယ်ကို ပိုအာရုံစိုက်ခြင်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ချစ်တတ်လာတဲ့အခါ ကိုယ့်အတွက် မဟုတ်တဲ့သူတွေအတွက် အချိန်ပေးရမှာ နှမြောတတ်လာပါတယ်နော်။ ဒါတွေက သင့် ex ကို သင့်ဘဝထဲကနေ အပြီးအပိုင် ထုတ်ပစ်ပေးမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
By Khin