ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုပြီး ထိရောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ ရောဂါဆိုတာ မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ကြဖို့ အရမ်းကိုအရေးကြီးပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကူးစက်ပုံက လူကနေလူကိုလည်း ကူးစက်နိုင်တဲ့ ပုံစံမျိုးဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းကနေထွက်လာတဲ့ နှပ်ရည်ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ ဒါကြောင့် နှာစေး၊ ချောင်းဆိုးဖြစ်နေတဲ့သူတွေနဲ့ အနည်းဆုံး ၆ပေအကွာမှာ နေသင့်ပါတယ်။
လူတစ်ယောက်ကနေတစ်ယောက် တိုက်ရိုက် နှပ်ရည်အားဖြင့် ကူးစက်နိုင်သလို၊ ရောဂါရှိသူတစ်ယောက်ရဲ့ နှပ်ရည်ပေကျံနေတဲ့ ထိုင်ခုံ၊ စားပွဲခုံတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒီလို ကူးစက်မြန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို သိသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) လက်ဆေးပါ
လက်ကို ဆပ်ပြာ၊ သန့်စင်တဲ့ရေတွေနဲ့ စင်ကြယ်စွာ ဆေးကြောပေးရပါမယ်။ လက်ဖဝါး၊ လက်ချောင်း၊ လက်ချောင်းကြား၊ လက်ဖမိုးနဲ့ လက်သည်းကြားတွေပါမကျန် ဆေးကြောပေးရမှာဖြစ်ပါတယ်။ တစ်ခါဆေးရင် အနည်းဆုံး စက္ကန့် ၂၀ နဲ့ ခဏခဏဆေးကြောပေးသင့်ပါတယ်။

(၂) နှာခေါင်းနဲ့ပါးစပ်ကိုအုပ်ပါ
ချောင်းဆိုးတဲ့အခါတွေနဲ့ နှာခြေတဲ့အခါတွေမှာ သင့်ရဲ့ နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှူးနဲ့ အုပ်ပေးပါ။ ပြီးရင် တစ်ရှူးကို ချက်ချင်းလွှင့်ပစ်ပြီး လက်ဆေးပါ။ တစ်ရှူး မရှိဘူးဆိုရင် လက်နဲ့ကာတာထက် တံတောင်နဲ့အုပ်ပြီး ချောင်းဆိုးသင့်ပါတယ်။
(၃) Mask အုပ်ပါ
Mask တွေဟာ အရည်ပုံစံ အမှုန်အမွှားတွေကို ကာပေးနိုင်ပါတယ်။ အင်မတန်မှသေးငယ်တဲ့ အမှုန်အမွှားတွေကိုတော့ မကာကွယ်ပေးနိုင်ပေမယ့် တော်တော်များများကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။

(၄) စောစောကုသမှုခံယူပါ
သင့်မှာ အသက်ရှူရတာ အခက်အခဲရှိနေတယ်၊ ကိုယ်ပူပြီးချောင်းဆိုးနေတယ်ဆိုရင်တော့ ကျန်းမာရေးဌာနတစ်ခုခုကို အမြန်ဆုံး ဆက်သွယ်ပြီး ကုသမှုခံယူပါ။
(၅) တိရိစ္ဆာန်တွေနဲ့ထိတွေ့တာမျိုးရှောင်ပါ
ဈေးတွေ၊ သားငါးတန်းတွေသွားတဲ့အခါ တိရိစ္ဆာန်တွေကို တိုက်ရိုက်ကိုင်တွယ်တာ၊ ထိတွေ့တာမျိုး မလုပ်ပါနဲ့။ ဒါတင်မကပဲ တိရိစ္ဆာန်တွေကိုလှောင်ထားတဲ့ နေရာတွေ၊ ခြံတွေကိုလည်း မသွားရင် အကောင်းဆုံးပါပဲ။

(၆) ခရီးသွားတဲ့အခါ
သင်ဟာ ရောဂါကူးစက်ခံထားရတဲ့ နိုင်ငံကနေပြန်လာခဲ့တယ်ဆိုရင် လူတွေနဲ့ ချက်ချင်းမထိတွေ့သင့်ပါဘူး။ အလုပ်၊ ကျောင်းတွေကနေ ၁၄ရက်အထိနားပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်သင့်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာပြနေခဲ့ရင် ကျန်းမာရေးဌာနကိုဖုန်းဖြင့်ဆက်သွယ်ပြီး သူတို့ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။
အားလုံးပဲ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဆိုးတွေကနေ လွတ်မြောက်ပြီး အသက်ကို ဉာဏ်စောင့်ပါစေလို့ ဆုတောင်းပေးပါတယ်။
Em Em