Crush ဆိုတာ တစ်ဖက်သတ်ချစ်ရတဲ့သူကို ဆိုလိုတာပါ။ တစ်ဖက်သတ်ဆိုတဲ့အတိုင်းပဲ တစ်ဖက်တည်းကပဲ နာကျင်တာရော၊ ပျော်ရွှင်တာရော ခံစားရတာမျိုးပါ။ လူတိုင်းလိုလိုမှာ Crush ရှိဖူးမှာပါ။ တချို့ကျတော့လည်း မေ့ဖျောက်နိုင်ကြသလို၊ တချို့ကျတော့လည်း တစ်သက်လုံး ရင်ထဲမှာ သိမ်းထားလေ့ရှိကြပါတယ်။ တကယ်လို့များသင်ဟာ Crush ကြောင့်စိတ်ပင်ပန်းတာများလာတဲ့အတွက် မေ့ပစ်ဖို့စဉ်းစားနေတယ်ဆိုရင် ဒီနည်းလမ်းလေးတွေက သင့်ကို အထောက်အကူပေးနိုင်ပါတယ်။
(၁) တစ်ယူသန်နေတဲ့အမြင်တွေကိုပြောင်းလိုက်ပါ

လူတစ်ယောက်ကိုချစ်မိတဲ့အခါ သူ့ရဲ့ ပြစ်ချက်တွေ၊ အားနည်းချက်တွေဘယ်လောက်ပဲများများ အဲဒါတွေအားလုံးကို လျစ်လျူရှုပြီး ကောင်းကွက်လေးကိုပဲရွေးပြီး ဆုပ်ကိုင်ထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ စွဲလမ်းပြီးရင်း စွဲလမ်းနေရခြင်းဖြစ်ပါတယ်။ သူ့ကိုမေ့တော့မယ်လို့ ဆုံးဖြတ်ထားပြီးရင်တော့ သူ့ရဲ့ ကောင်းကွက်တွေကိုပဲ ကြည့်မနေတော့ဘဲ အရှိကိုအရှိအတိုင်း မြင်ပေးလိုက်ခြင်းအားဖြင့် အမှန်ကိုမြင်ပြီး သူ့ကို စွဲလမ်းတဲ့စိတ်တွေ လျော့ပါးသွားမှာဖြစ်ပါတယ်။
(၂) အချစ်ရေးတစ်ခုရဲ့အဆုံးသတ်လို့မြင်လိုက်ပါ
လူတစ်ယောက်ကို ကိုယ့်ဘက်က တစ်ဖက်သတ်ချစ်သည်ဖြစ်စေ အဆုံးသတ်တိုင်းကတော့ ပြတ်သားရတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ Crush ကိုမေ့တော့မယ်လို့ဆုံးဖြတ်ထားရင် အချစ်ရေးတစ်ခုရဲ့ အဆုံးသတ်တစ်ခုလို့သဘောထားပြီး လုံးဝ အဆက်အသွယ်တွေဖြတ်ပြီး အချိန်တစ်ခုပေးကာ ခံစားလိုက်ပါ။ သင့်စိတ်ထဲမှာမှတ်ထားရမှာက သူ့ကို ဘယ်တော့မှ ထပ်ပြီး မပတ်သက်တော့ဘူးဆိုတာကိုပါပဲ။
(၃) မာနကိုထိန်းပါ
ဆန္ဒကိုသိက္ခာနဲ့ထိန်းပါဆိုတဲ့ စကားအတိုင်းပဲ လူတစ်ယောက်ကို ကိုယ့်ဘက်က အသည်းအသန်ချစ်ဟန်ပြလိုက်တဲ့အခါ ကိုယ့်ရဲ့ သိက္ခာတွေလုံးဝကျသွားပါတယ်။ အထူးသဖြင့် သူ့ဘက်က ပြန်ချစ်မလာတဲ့အခါမျိုးမှာပေါ့။ ဒါကြောင့်သင်ဟာ မာနရှိတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သူသိအောင်ပြဖို့လိုပါတယ်။ လွှတ်ချချင်တဲ့စိတ်တွေကို မာနနဲ့ထိန်းကာ ပြုပြင်လိုက်ခြင်းဖြင့် သူ့ကိုမေ့သွားနိုင်မှာပါ။
(၄) စိတ်သစ်လူသစ်နေထိုင်ပါ

သင့်ရဲ့ ဘဝမှာသူ့အပြင်တခြားအရာတွေကို အာရုံမစိုက်တာကြောင့်လည်း သူ့ကိုမမေ့နိုင်တာပါ။ ဒါကြောင့် သူ့ကိုမေ့ချင်ပြီ ဆိုရင်တော့ စိတ်သစ်၊ လူသစ်နဲ့နေထိုင်ရပါမယ်။ ပတ်ဝန်းကျင်အသစ်ကိုသွားတာ၊ လူသစ်တွေနဲ့ တွေ့ဆုံမိတ်ဖွဲ့တာ၊ သူမပါဘဲ ပျော်ရွှင်မှုကိုရှာဖွေတာမျိုးလုပ်ပေးပါ။ ဒါဆိုရင်တော့ သင့်စိတ်ထဲမှာသူ့ကို တဖြည်းဖြည်းအစားထိုးလိုက်သလို ဖြစ်တာကြောင့် မေ့နိုင်သွားမှာဖြစ်ပါတယ်။
(၅) ချက်ချင်းအောင်မြင်မှာမဟုတ်ပါဘူး
အချစ်ဆိုတာ လွယ်လွယ်ဖြစ်လာတဲ့အရာမဟုတ်တာကြောင့် လူတစ်ယောက်ကိုမေ့ချင်တိုင်းလည်း မေ့နိုင်မယ်လို့ မထင်လိုက်ပါနဲ့။ ဒါပေမယ့် အချိန်ဟာ အရာအားလုံးကို ကုစားနိုင်ပါတယ်။ သူ့ကိုမေ့ဖို့လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုရောက်လာတဲ့အခါ သင်ကိုယ်တိုင်တောင် သတိမထားမိခင်မှာပဲ သူ့ကိုလုံးဝမေ့နိုင်သွားပြီဆိုတာကို အံ့သြဖွယ်သိရှိသွားမှာပါ။
Em Em