စိတ်ချမ်းသာနေတယ်ဆိုတာ အရာရာ အဆင်ပြေနေမှ ရတာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုတွင်း ပျော်ရွှင်နေဖို့ဆိုတာ မိသားစုမှာ အတူရှိနေတဲ့သူတွေအပေါ် အများဆုံး မူတည်နေတာ ဖြစ်ပါတယ်။ မိသားစုမှာ ငွေကြေး မပြည့်စုံလည်း၊ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရလည်း စိတ်ချမ်းသာအောင် သင်က လုပ်ပေးလို့ ရပါတယ်။ စိတ်ချမ်းသာရတဲ့ ပတ်ဝန်းကျင်လေး ဖြစ်နေဖို့အတွက် ကိုယ်က ဒီလိုမျိုး မိသားစုတွင်းမှာ ပြုလုပ်ပေးသင့်ပါတယ်။
(၁) စိတ်သက်သာအောင် ပြောပါ
စကားဆိုတာ စိတ်ခံစားမှုနဲ့ ဆက်စပ်နေပါတယ်။ စကားပြောတဲ့ပုံစံက စိတ်ကို ညစ်အောင်လည်း လုပ်နိုင်သလို စိတ်ကို ပျော်အောင်လည်း လုပ်ပေးနိုင်ပါတယ်။ မိသားစုထဲမှာ ပူပင်တဲ့ စကားမျိုးထက် စိတ်သက်သာရာ ရစေမယ့် စကားမျိုးတွေ ပြောဖို့ တိုက်တွန်းပါ။ ကိုယ်တိုင်လည်း ပြောပါ။ ဒါဆိုသင်တို့ မိသားစုက ပိုပြီး စိတ်ချမ်းသာရမှာပါ။

(၂) ညှိနှိုင်းမှုတွေ လုပ်ပါ
မိသားစုတွင်းမှာ ညှိနှိုင်းတဲ့ ဆွေးနွေးတဲ့ အလေ့အထမျိုးလေး လုပ်ကြည့်ပါ။ ဒီနည်းက တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင်တောင်မှ အပူတွေနဲ့ ဒေါသ စိတ်မချမ်းသာရမှုတွေကို ဆွေးနွေးကြရင်း လျော့ကျသွားစေနိုင်ပါတယ်။ မိဘနဲ့ ကိုယ့်ကြားမှာ ဆိုရင်တော့ မိဘ အဆင်ပြေမယ်လို့ ထင်တဲ့ နည်းလမ်းက ကိုယ့်အတွက် တကယ် အဆင်မပြေကြောင်း ပြန်ပြောရင်း နားလည်မှု ရယူတာမျိုးပေါ့။ ဒီလိုမျိုး ညှိနှိုင်းမှုတွေကနေ ပိုပြီး စိတ်ချမ်းသာရတဲ့ အခြေအနေလေးတွေ ဖန်တီးနိုင်ပါတယ်။

(၃) နားလည်မှု ပေးနိုင်ဖို့ ဖျောင်းဖျပါ
အိမ်တစ်အိမ်မှာ စိတ်ချမ်းသာရဖို့ အပြန်အလှန် နားလည်ပေးဖို့ လိုပါတယ်။ ကိုယ့်အိမ်ကို အဲ့လိုမျိုး ဖြစ်ချင်ရင် ကိုယ်က ကျန်တဲ့ မိသားစုဝင်တွေကို နားလည်ပေးဖို့ လိုက်သတိပေးကြည့်ပါ။ ရယ်မောပြီး သတိပေးလို့ ရသလို တည်တည်တံ့တံ့လေး ပြောလည်း ရပါတယ်။ နားလည်ပေးလိုက်ပါဆိုတဲ့ စကားက အရမ်းကြီး ခက်ခဲတာမျိုးတော့ မဟုတ်ပါဘူး။ နားလည်မှုတွေ ရှိတဲ့ အသိုက်အဝန်းက ပိုပြီး ပျော်ရွှင်ရပါတယ်နော်။

(၄) စနောက်ပါ
တစ်ယောက်နဲ့ တစ်ယောက် စနောက်တာက မိသားစုချင်း ရင်းနှီးမှု ပိုတိုးစေပြီး သံယောဇဉ်တွေ ပိုရှိလာစေပါတယ်။ ချစ်စနိုးနာမည်ပေးပြီး ခေါ်တာမျိုး၊ ဟာသတွေ ပြောတာမျိုး၊ အရွှန်းဖောက်တာမျိုးတွေ လုပ်ပေးရင် သင်တို့ မိသားစုက ပျော်စရာ မိသားစုလေး ဖြစ်နေမှာပါ။

(၅) အဆင်ပြေအောင် နေဖို့ ကြိုးစားပါ
ဝင်ငွေ နည်းတဲ့အချိန်၊ အခက်အခဲ ကြုံရတဲ့အချိန်တွေမှာ မိသားစုတွေက ပိုပြီး ပူလောင်နေကြရပါတယ်။ ဒီအတွက် မိသားစုချင်း အဆင်ပြေအောင် စိတ်သက်သာအောင် ပြောပြပေးဖို့ လိုပါတယ်။ နေစရာနဲ့ စားဖို့ အဆင်ပြေနေတာကို ကျေးဇူးတင်ပါတယ်လို့ တွေးပြီး တင်းတိမ်တာမျိုး၊ မိသားစုတွေ တကွဲတပြား ဖြစ်မနေတာကို ကျေးဇူးတင်တာမျိုး စတဲ့ အဆင်ပြေအောင် ကြိုးစားနေမယ်ဆိုတဲ့ စိတ်မျိုးကလည်း ပိုပြီး ပျော်ရွှင်လာရစေပါတယ်။
Kham