တစ်ချို့ကောင်မလေးတွေက သူတို့ကိုသူတို့ လိမ္မာတဲ့ကောင်မလေးမျိုး ဖြစ်ရတာ မကြိုက်တတ်ကြပါဘူး။ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ ဗိုင်းကောင်းကျောက်ဖိနေရမယ်ဆိုတဲ့ စကားတွေကို လက်မခံတတ်ကြသလို လူတွေရဲ့ စကားတွေကိုလည်း သိပ်နားထောင်လေ့မရှိတဲ့ ခပ်ဆိုးဆိုးမိန်းကလေးတွေလို့ အများကထင်တတ်ကြပါတယ်။ ဒီလို ခပ်ဆိုးဆိုး ဂျစ်ကန်ကန်နေတတ်တဲ့ မိန်းကလေးတွေဆီမှာ ဒီလိုအချက်တွေကို တွေ့ရတတ်ပါတယ်။
သူများတွေကို ဂရုမစိုက်တတ်ဘူး

ဒီလိုမျိုး ကောင်မလေးတွေက သူများတွေပြောသမျှကို လိုက်ခံစားနေတတ်ကြတဲ့ သူတွေလုံးဝမဟုတ်ကြပါဘူး။ သူများတွေရဲ့ ဝေဖန်မှုတွေ၊ ပြောဆိုမှုတွေကို ကြားမိရင်တောင် လျစ်လျူရှုပြီး ကိုယ်နေချင်တဲ့ ပုံစံအတိုင်းပဲ နေတတ်ကြပါတယ်။ တစ်စုံတစ်ယောက်ကြောင့် သူတို့ရဲ့ပုံစံကို ပြောင်းလဲပစ်ဖို့ လုံးဝအစီအစဉ်မရှိကြပေမယ့် သူတို့တကယ် ပြောင်းလဲချင်ရင်တော့ ဘယ်သူကမှ ပြောစရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ ပြောင်းလဲတတ်ကြသူတွေ ဖြစ်ပါတယ်။
ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်တယ်

ခပ်ဆိုးဆိုး ဂျစ်ကန်ကန်ပုံစံရှိတယ်လို့ ထင်ရတတ်တဲ့ မိန်းကလေးတွေဟာ ကိုယ်လုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်ကြတဲ့ သူတွေပါ။ သူတို့လုပ်ချင်တဲ့အရာကို ဘယ်သူကပဲလာတားတား ဖြစ်အောင်အကောင်အထည် ဖော်လုပ်လိုက်ရမှ ကျေနပ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်လိုက်မာန်ပါလုပ်တတ်တာမျိုးမဟုတ်ပဲ လုပ်သင့်တာနဲ့ လုပ်ချင်တာကို ခွဲခြားနိုင်စွမ်းလည်း ရှိကြပါတယ်။
လိမ္မာရတာ မကြိုက်ဘူး
ဒီလိုမိန်းကလေးတွေက လိမ္မာရတာကို မကြိုက်တတ်ကြပါဘူးနော်။ လိမ္မာတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူတို့ရဲ့ လွတ်လပ်ခြင်းတွေနဲ့ ဖြစ်ချင်တာတွေကို မဆုံးချင်ကြတဲ့အတွက်ကြောင့် သူများတွေဆီက လိမ္မာတယ်ဆိုတဲ့စကားမျိုးကို မလိုအပ်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သူတို့ဟာ ဆိုးနေကြတဲ့သူတွေ မဟုတ်ကြပဲ ဘဝကို လိမ္မာပါးနပ်စွာ ဖြတ်သန်းတတ်ကြသူတွေ ဖြစ်ပါတယ်။
ခံစားချက်တွေ ဖုံးကွယ်ထားကြတယ်

ဒီလိုကောင်မလေးတွေက သူတို့ရဲ့ခံစားချက်တွေကို သူများတွေဆီ ချပြရတာကို မကြိုက်တတ်ကြပါဘူး။ သူများတွေက သူတို့ကို ခံစားလွယ်တဲ့သူမျိုးလို့ အထင်ခံရတာကို မကြိုက်တတ်ကြတဲ့အတွက် သူတို့ရဲ့ ခံစားချက်တော်တော်များများကို သူများတွေမမြင်အောင် ဖုံးကွယ်ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ ခံစားချက်မရှိတဲ့သူတွေအဖြစ် အပြောခံရတတ်ပါတယ်နော်။
စိန်ခေါ်မှုတွေကို သဘောကျတယ်

ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ ဂျစ်တီးဂျစ်ကန်နေတတ်တဲ့ မိန်းကလေးတွေက သူတို့ရဲ့ဘဝကို ရိုးရှင်းစွာဖြတ်သန်းတာထက် စိန်ခေါ်မှုတွေကို ပြုလုပ်ရတာ ကြိုက်တတ်ကြပါတယ်။ ဒါကြောင့်လဲ ဘဝဆိုတဲ့တိုက်ပွဲကို တိုက်ခိုက်ချင်စိတ် ပြင်းထန်သူတွေဖြစ်ကြပြီး သူတို့ရဲ့ဘဝကို အကောင်းဆုံးတွေဖြစ်လာအောင် တိုက်ခိုက်တတ်ကြပါတယ်။
Khin