‘Their House'(အစေခံ)ဆိုတဲ့ မြန်မာဇာတ်ကားကို ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် အာကာစိုးဦးက ရိုက်ကူးပုံဖော်ထားပြီး ချာလီ၊ နေရှိုင်း၊ ခေးဆက်သွင်၊ ဟန်နာနဲ့ တခြားဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်သစ်တွေက ပါဝင်အားဖြည့်ထားကြပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ ‘Their House’ ဇာတ်ကားဟာ သရဲမွေးထားတဲ့ အိမ်တစ်အိမ်ရဲ့အကြောင်းကို အခြေခံထားတာပါ။

ဇာတ်လမ်းပုံစံကတော့ အိမ်မှာလက်တိုလက်တောင်းခိုင်းဖို့ ခေါ်ထားမိတဲ့ ကောင်လေးက အိမ်ရှင်အဘိုးကြီးလင်မယား စကားပြောနေတုန်း ခိုးနားထောင်ရာကနေ အိမ်ရှင်လင်မယားဆီမှာ ရတနာသေတ္တာရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဒီကောင်လေးဟာ သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ ရတနာသေတ္တာကိုရဖို့ အိမ်ကြီးထဲဝင်စီးပြီး ဓားပြတိုက်ဖို့ စီစဉ်ပါတော့တယ်။

ဒါပေမဲ့ ဒီအိမ်ကြီးထဲမှာ သူတို့မသိသေးတဲ့ တခြားသောအရာတွေ ရှိနေတယ်ဆိုတာကိုတော့ သူတို့လုံးဝကို မသိခဲ့ကြပါဘူး။ နောက်ကွယ်က လျှို့ဝှက်ချက်တွေကိုမသိခဲ့ကြတဲ့ သူတို့တွေဟာ အိမ်ရှင်လင်မယားကို ဖမ်းဆီးပြီး ဓားပြတိုက်ဖို့ကြိုးစားကြတဲ့အခါမှာတော့ သူတို့လုံးဝထင်မထားတဲ့ အကြောင်းအရာတွေနဲ့ ရင်ဆိုင်လာခဲ့ရပြီး ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကိုလည်း တဖြည်းဖြည်းသိရှိလာခဲ့ကြတာပါ။ အိမ်ရှင်အဘိုးကြီး လင်မယားဆီမှာ တကယ်ပဲ ရတနာသေတ္တာရှိနေလား၊ သူတို့ရဲ့ဓားပြတိုက်တဲ့အစီအစဉ်ကရော အောင်မြင်သွားပါ့မလား၊ အိမ်ကြီးထဲမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။
‘Their House'(အစေခံ) လို့အမည်ပေးထားတဲ့ ဒီမြန်မာဇာတ်ကားကောင်းကို https://www.viu.com/ott/mm/mya တွင် အခမဲ့ကြည့်ရှုခံစားနိုင်ပါပြီ။