2017 ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Go Back Couple’ ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသား Son Ho-jun နဲ့ မင်းသမီး Jang Na-ra တို့က အဓိကပါဝင်သရုပ်ဆောင် ထားကြတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ Hong Seung-pyo နဲ့ Kim Hye-yeon တို့ရဲ့ အွန်လိုင်းကနေထုတ်ဝေခဲ့တဲ့ Naver webtoon စီးရီး ‘Do it one more time’ ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။
‘The Sound of Your Heart’ ’18 Again’ နဲ့ တခြားနာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးထားခဲ့တဲ့ ဒါရိုက်တာ Ha Byung-hoon က ဒီဇာတ်လမ်းတွဲလေးကို ရိုက်ကူးထားတာဖြစ်ပြီး စုစုပေါင်း အပိုင်း 12 ပိုင်းပါဝင်တာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက Choi Ban-do (Son Ho-jun) နဲ့ Ma Jin-joo (Jang Na-ra) တို့နှစ်ယောက်ဟာ အသက် 38 နှစ်ရှိပြီဖြစ်တဲ့ လက်ထပ်ထားတဲ့ စုံတွဲတစ်တွဲဖြစ်ကာ သားလေးတစ်ယောက်နဲ့အတူ မိသားစုဘဝလေးကို တည်ဆောက်ထားခဲ့ကြသူတွေပါ။ သူတို့နှစ်ယောက်လုံးဟာ ပင်ပန်းနွမ်းနယ်မှုတို့နဲ့အတူ မပျော်ရွှင်နိုင်ဘဲ နေ့စဉ်ဘဝမှာ ရုန်းကန်နေကြရပါတယ်။ ခင်ပွန်းဖြစ်သူ Ban-do ဟာ ဆေးဝါးတွေကို ရောင်းချရသူတစ်ယောက်ဖြစ်ပြီး နေ့ဘက်တွေမှာ တခြားသူတွေကို သူ့ဆီက ဆေးဝါးဝယ်ယူဖို့ အောက်ကျို့ပြောဆိုရတာမျိုးတွေ လုပ်ဆောင်ရတာဖြစ်ကာ ညနေဘက်တွေမှာတော့ သူ့ရဲ့ဖောက်သည်တွေနဲ့ အတူသောက်စားပေးတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မာနကြီးပြီး စာနာမှုမရှိတဲ့ ဆေးရုံဒါရိုက်တာ Park Hyun-suk (Im Ji-kyu) က သူ့ရဲ့ချမ်းသာကြွယ်ဝတဲ့ ဇနီးသည်ကို လှည့်စားတဲ့နေရာမှာ ကူညီပေးရတာမျိုးစတဲ့ စိတ်ပျက်စရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နေရပါတယ်။
တစ်ဖက်မှာလည်း ဇနီးဖြစ်သူ Jin-joo က သူမဘဝရဲ့ အဓိပ္ပါယ်ကိုရှာဖွေရန်ရုန်းကန်ရင်း သားဖြစ်သူကို ပြုစုပျိုးထောင်နေရသူဖြစ်ကာ ခင်ပွန်းဖြစ်သူ Ban-do က သူမကိုဂရုမစိုက်ဘဲ စွန့်ပစ်ထားတယ်ဟု ထင်မှတ်နေတဲ့ အထီးကျန်ဆန်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ ရင်ဆိုင်နေရတဲ့ ခက်ခဲပင်ပန်းမှုတွေနဲ့အတူ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုခဲ့ကြတာကို နောင်တရနေခဲ့ကြတာပါ။

ဒါပေမယ့် တစ်နေ့မှာတော့ ထူးဆန်းစွာနဲ့ပဲ သူတို့နှစ်ယောက်ဟာ ရုတ်တရက် အသက် 20 အရွယ် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ကြပြီး သူတို့ဘာကြောင့် ငယ်ရွယ်တဲ့အချိန်တွေကို ပြန်လည်ရောက်ရှိသွားလဲဆိုတာကို နားမလည်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ဘယ်လောက်ကြာကြာနေထိုင်ရမယ်ဆိုတာကို မသိတဲ့အတွက်ကြောင့် ရရှိလာတဲ့အခွင့်အရေးမှာ ပျော်ပျော်နေဖို့ ဆုံးဖြတ်ခဲ့ကြပြီး အရင်တစ်ခေါက်နဲ့မတူတဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ရဲ့မတူညီတဲ့ဆုံးဖြတ်ချက်တွေက သူတို့ရဲ့မိသားစု၊ သူငယ်ချင်းတွေအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။
အပြင်လက်တွေ့ဘဝမှာ တကယ်ကြုံတွေ့နေရတဲ့ အိမ်ထောင်ရေးအချို့ရဲ့ ခက်ခဲပင်ပန်းမှုတွေနဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တယ်ဆိုတဲ့ ဇာတ်လမ်းပုံစံလေးကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။
‘Go Back Couple’ ဆိုတဲ့ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။